Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၁)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၁)

 

နှုတ်အားဖြင့်သာ ထွက်ဆိုသော ယုံကြည်ခြင်း

ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကိုမကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော့။ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့၊ နွေးကြလော့၊ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သောအသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။

(ယာကုပ် ၂း၁၄-၁၆)

 

ယုံကြည်ခြင်းရှိကြောင်း ထွက်ဆိုခြင်း

၁။ မည်သူမဆို ယုံကြည်ခြင်းရှိသည်ဟု ထွက်ဆိုနိုင်ကြပေသည်။
၂။ လက်တွေ့မပါသော ထွက်ဆိုချက်သည် အချည်းနှီးဖြစ်သည်။

က။ ယုံကြည်ခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို မကျင့်ဘဲ ယုံကြည်ကြောင်း ထွက်ဆိုခြင်း၊
ခ။ ယုံကြည်ခြင်းရှိသည်ဟု နှုတ်အားဖြင့်သာ အခိုင်အမာ ပြောဆိုနေခြင်း စသည်တို့သည် မည်သည့်အကျိုးမျှ မချေ။

၃။ ထိုသို့သော ယုံကြည်ခြင်းသည် –

က။ နှုတ်ဖြင့် ထွက်ဆိုနေသောသူကိုယ်တိုင်အား မကယ်တင်နိုင်ပါ။
ခ။ အဘယ်သူကိုမျှ ကောင်းကျိုး မပေးနိုင်ပါ။
ဂ။ ကယ်တင်နိုင်သော ယုံကြည်ခြင်းစစ်၊ ယုံကြည်ခြင်းမှန်လည်းမဟုတ်ပါ။

၄။ နှုတ်အားဖြင့်သာ ထွက်ဆိုသော ယုံကြည်ခြင်းသည် မည်သည့်အကျိုးကိုမျှမပေးနိုင်ပါ။

 

လက်တွေ့သာဓက

၁။ ယုံကြည်သူညီအစ်ကိုအတွင်း၌ အဝတ်အစားမရှိသောသူ၊ နေ့တိုင်းစားစရာ မရှိသောသူတို့ကို ငြိမ်ဝပ်စွာနေကြလော့၊ နွေးကြလော့၊ ဝကြလော့ ဟု ဆိုရုံနှင့် နွေးကြ၊ ဝကြသည် မဟုတ်။
၂။ ထိုညီအစ်ကိုတို့ကို၊

က။ နွေးကြစေလိုပါက သူတို့နှင့်တော်လျော်သော အဝတ်အစားများကို ပေးရမည်။
ခ။ ဝကြစေလိုပါက သူတို့အဖို့ လုံလောက်သောအစားအစာကိုပေးရမည်။

၃။ လက်တွေ့ဆောင်ရွက်ခြင်းသည်သာ အမှန်အကျိုးပေးမည် ဖြစ်သည်။
၄။ ယုံကြည်ခြင်းနှင့်စပ်လျဉ်းသော အလုပ်သက်သေသည် ယုံကြည်ခြင်းရတနာ ပွားများခြင်းအကြောင်းတရား ဖြစ်သည်။